CDM သူရဲကောင်းများ ရဲ့ တော်လှန်ရေးခရီးလမ်းက မလွယ်ကူလှသလို စွန့်လွှတ်စွန့်စားရတာတွေကလည်း များပြားလှပါတယ်။
သို့ပေမယ့် သူရဲကောင်းတိုင်းက အဆုံးထိ CDM လုပ်နိုင်ရေးအတွက် အားခဲ ကြိုးစားနေကြတာကို သူတို့ရဲ့ ရင်ဖွင့်စကားများမှတဆင့် သိနိုင်ပါတယ်။
ဒီလို အာဏာရှင်အမြစ်ဖြုတ်ရေးအတွက် အရေးအကြီးဆုံးကဏ္ဍမှာ ပါဝင်နေတဲ့ CDM သူရဲကောင်း များရဲ့ လက်ရှိ အခြေအနေများအပေါ် မေးမြန်းထားမှုကို CDM Call Centre မှ မျှဝေလိုက်ပါတယ်။
ပြည်သူနဲ့အတူ ရပ်တည်နေတဲ့ CDM သူရဲကောင်းများရဲ့ အဓိဌာန် ဆက်လက် တည်တံ့နိုင်စေဖို့ နဲ့ CDM ဆက်လက် အောင်မြင်ဖို့ ပြည်သူတွေရဲ့ အကူအညီကိုလည်း လိုအပ်နေပါတယ်။
ပြည်သူများအနေနဲ့
■ နီးစပ်ရာ CDM သူရဲကောင်းများကို ကိုယ်လက်လှမ်းမီသလောက် အကူအညီပေးခြင်း၊
■ CDM သူရဲကောင်းများအား အကူအညီပေးနေသော အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်း၊
■ အကူအညီပေးရာတွင်လည်း ငွေ၊ အသုံးအဆောင်၊ အစားအသောက်၊ နေရာထိုင်ခင်းမှသည် စိတ်ဓာတ်ရေးရာ ခွန်အားများကို ကိုယ် စွမ်းနိုင်သည့်ဘက်မှ ပေးခြင်း၊
■ CDM သူရဲကောင်းများ စိတ်ဓာတ်ကျ အားလျော့နိုင်စေမည့် အပြုအမူ အပြောအဆိုများကို ရှောင်ရှား၍ ဖေးမအားပေးခြင်း စသဖြင့် ပါဝင်ကူညီ ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။
ဤ ဗီဒီယိုပါ CDM သူရဲကောင်းများရဲ့ ရင်ဖွင့်စကားသံများမှ အချို့ကိုလည်း အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
“ဒီလမ်း ဒီခရီးကတော့ ခက်ခဲတာပေါ့။ ကျွန်မတို့ တယောက်ချင်း တယောက်ချင်းစီ အားနဲ့မှ အဆုံးထိ သွားနိုင်မှာပါ။ အောင်မြင်မှုကို ရနိုင်မှာပေါ့နော်။ တကယ်လို့ တယောက်နောက်ကျ ကျန်ခဲ့ရင် ကျွန်မတို့က အားတယောက် လျော့သွား မှာပေါ့။ အဲ့တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဆုံးထိ သွားပေးပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။”
(ကျန်းမာရေးဝန်ထမ်း CDM သူရဲကောင်း)
“အုတ်တချပ်ပေါ့နော်။ အဲ့လိုမျိုးပါဝင်ပြီးတော့ ဒီနိုင်ငံမှာ ကူညီတဲ့သဘောပဲပေါ့နော်။ အဲ့တာကြောင့်မလို့ အဆုံးအထိအောင် ကျွန်မတို့ကတော့ သံဓိဌာန် ချထားပြီး CDM လုပ်သွားမှာပါရှင့်။ ကျွန်မတို့က စစ ချင်းကတည်းက ဒီ စနစ်ကြီးကို မကြိုက်လို့ CDM လုပ်ခဲ့တာပဲလေ။ အဲ့တာကြောင့် မအောင်မြင်သေးခင်မှာတော့ စိတ်ဓာတ်ကျမနေဘဲ အောင်မြင်သည်ထိအောင် အဆုံးထိ ပါသွားမှသာလျှင် ဒီတော်လှန်ရေးကြီးက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။”
(ကင်ဆာဝေဒနာရှင် ပညာရေးဝန်ထမ်း CDM သူရဲကောင်း)
“ပတ်ဝန်းကျင်ကလည်း CDM လုပ်နေတဲ့သူတွေကို မကောင်းတဲ့ဟာ ပြောမယ့်အစား စကားနဲ့ ဖေးမတာပဲဖြစ်ဖြစ် ပေါ့နော်၊ ကိုယ် တတ်နိုင်သလောက် အနီးအနားမှာရှိတဲ့ CDM ဝန်ထမ်းတွေကို သော်လည်းကောင်း ဒုက္ခရောက်နေတဲ့သူတွေကိုသော်လည်းကောင်း ဆက်ပြီးမှ အဆုံးထိ တိုက်ပွဲဝင်ဖို့ ကူညီပေးတာ ဖေးမပေးတာမျိုး လုပ်ပေးရင် ပိုကောင်းပါတယ်။”
(ပုဂ္ဂလိကဘဏ်ဝန်ထမ်း CDM သူရဲကောင်း)
CDM လုပ်ပြီး အာဏာရှင်ကို တော်လှန်နေကြတဲ့ သူရဲကောင်းဝန်ထမ်းများ အားလုံးကို လေးစား ဂုဏ်ပြုလျက်။
CDM အောင်မြင်ဖို့ CDM သူရဲကောင်းများကို ကူညီကြပါစို့။
Credit