ဖယ်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ချိန်မှာ ကိုယ်ကျိုးမငဲ့ပဲ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပီး စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတာ CDM ပြည်သူ့ဝန်ထမ်းတွေပဲဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။
ခုအချိန်ထိ အာဏာရှင်စနစ် ယန္တရားမလည်ပတ်နိုင်အောင် စစ်ကောင်စီတွေ အခက်ကြုံအောင် တော်လှန်ရေးအားကောင်းပြီး အရှိန်အဟုန်မပျက်အောင် CDM မှာပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကူညီထောက်ပံ့ပေးဖို့က များစွာအရေးကြီးတဲ့ အခန်းကဏ္ဍတရပ်ဖြစ်ပါတယ်။
တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ ကူညီလှူဒါန်းကြသူတွေလည်း မောပန်းနေကြပြီဆိုတာလည်း လူတိုင်းနားလည်သဘောပေါက်ကြပါတယ်။
ကဗျာဆရာ မောင်သိန်းဇော်ကတော့ ပန်းတိုင် ဆိုတဲ့ကဗျာလေးကို တရားသဘောနဲ့ ဒီလိုရေးဖွဲ့ခဲ့ဘူးပါတယ် “ မရောက်သေးရင်ရောက်အောင်သွားရောက်ရင်တထောက်နားပြီးရင်ရှေ့ဆက်သွားအဲ့ဒီမှာ ဘာမှမရှိဘူး။“ တဲ့ ကျနော်တို့ဟာ တော်လှန်ရေးအောင်ပွဲနေ့ထိ ရောက်အောင်သွားရပါအုံးမယ်။
ရောက်ပီးတဲ့အခါကြရင်တော့ ဖယ်ဒရယ်ပြည်ထောင်စုဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို စားသုံးရင်း ခဏနားကြရပါမယ်။
ပန်းတိုင်မရောက်သေးသ၍ နားလို့မရပါဘူး။ အားတင်းထားကြရပါမယ် ၊ တောင့်ခံထားကြရပါမယ် ၊ အချင်းချင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီရိုင်းပင်းကြရပါမယ် ။
ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ၁ ကျပ် ၁ ဒေါ်လာဟာလည်း ဖယ်ဒရယ်ပြည်ထောင်စုဒီမိုကရေစီပန်းတိုင်းကို သွားနေတဲ့ ခြေလှမ်းတွေပါပဲ။
IRIS အနေနဲ့ အလှူရှင်တွေကို မေတ္တာရပ်ခံချင်တာကတော့ တောင့်ခံထားပေးကြပါ ကူညီပံ့ပိုးပေးကြပါ။
အလှူရှင်တွေအနေနဲ့ ကိုယ်နိုင်သလောက် ငွေပမာဏကို IRIS ရယ်မှမဟုတ်ပဲ CDM support အတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့တွေကို လှူဒါန်းပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရင်း ဆရာကြီးဇော်ဂျီရဲ့ တို့ပြည်ထောင်စု ကဗျာလေးကို ဖတ်ရှု့နိုင်ရန် မျှဝေပေးလိုက်ပါတယ်။
“တို့ ပြည်ထောင်စု”ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်းမင်းနှင့် ကချင်နှင့်၊ ချင်းနှင့် ကယားနှင့်ရှမ်းနှင့် ရခိုင်နှင့်၊ မွန်နှင့် ကရင်နှင့်သင့်သင့်မြတ်မြတ်၊ အနေတတ်လျှင်နတ်ပြည်နှိုင်းတု၊ ပြည်ထောင်စုဟုသူ့စေတနာထား၊ သူ့စကားကိုမိန့်ကြားလိုက်သော ထိုအခါ။မောရှမ်းထိုထို၊ ရှေ့တစ်ခိုမှတောင်ပြိုနောက်မှာ၊ နယ်စပ်ရာတည့်ခါကာဘိုရာဇီ၊ မြောက်ဖျားဆီမှအောက်ပြည်ကော့သောင်းသို့တိုင်အောင်တည့်တောတောင်ကြံ့ခံ၊ ကမ်းယံဆီးတားတိုင်းခြားရန်စွယ်၊ အန္တရာယ်မှကာကွယ်မည်တို့ ကြို၏သို့။ဆီ ပဲ ထန်းလျက်၊ လက်ဖက် မက်မန်းဝါ ကျွန်း ရေနံ၊ ဆန် ဆား ငါးပိသီးမှည့်စုံစွာ၊ လိုရာရာတို့အညာအကြေ၊ မြေပြန့်တောင်တန်းကူးသန်းရောယှက်၊ စီးပွားဆက်အောင်တက် သက်မည်တို့ ကြိုက်၏သို့။
ဇော်ဂျီလမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၃၊
(၁-၂-၁၉၆၈)